From : News Watch Weekly
ရန်ကုန်မြို့အတွင်း လူနေရပ်ကွက်များအနီးရှိ ပုဂ္ဂလိကဂိုဒေါင်များအား မြို့ပြင်သို့ ပြောင်းရွှေ့ရတော့မည်ဖြစ်ကြောင်း မြန်မာနိုင်ငံ မီးသတ်ဦးစီးဌာန တာဝန်ရှိသူတစ်ဦးထံမှ သိရသည်။ အဆိုပါ ဂိုဒေါင်များ၌ အန္တရာယ်ဖြစ်စေနိုင်သည့် ဓါတုဗေဒပါဝင်သည့် ပစ္စည်းများကို သိုလှောင်ထားမှုကြောင့် မလိုလားအပ်သော ဆုံးရှုံးမှုများ ဆက်လက်မဖြစ်ပေါ်စေရန် ပြောင်းရွှေ့စေရခြင်း ဖြစ်သည်ဟု သိရသည်။ “ဓါတ်မြေသြဇာမှာပါတဲ့ ဓါတုပစ္စည်းတွေ၊ အစားအသောက်မှာ ပါဝင်တဲ့ ဓါတုပစ္စည်းတွေ၊ ပရဆေးဂိုဒေါင်တွေဟာလည်း မီးလောင်မှုဖြစ်ရင် အန္တရာယ်ကြီးမားစေတဲ့အလျောက် စစ်ဆေးရေးအဖွဲ့တွေက ရွှေ့ပြောင်းဖို့အတွက် မှတ်ချက်ပြုလာတာ ဖြစ်ပါတယ်” ဟု ၄င်းကဆိုသည်။ ရွှေ့ပြောင်းရမည့်ထဲတွင် ခရိုင်လေးခုအတွင်းရှိ ဂိုဒေါင်ရုံများ ပါဝင်မည်ဖြစ်ပြီး ၄င်းဂိုဒေါင်ရုံများအား ဖေဖော်ဝါရီ၊ မတ်လများတွင် တိုင်းဒေသကြီး အစိုးရအဖွဲ့ကို ဦးဆောင်၍ ဌာနပေါင်းစုံ အဖွဲ့ဖွဲ့ကာ လိုက်လံစစ်ဆေးခဲ့ကာ စစ်ဆေးတွေ့ရှိချက်အရ ရွှေ့ပြောင်းရမည့် ဂိုဒေါင်ရုံမှာ ၃၀ နီးပါးခန့် ရှိသည်ဟု သိရသည်။ မင်္ဂလာတောင်ညွန့်မြို့နယ် ကူးတို့ဆိပ်သိုလှောင်ရုံတွင် မီးလောင်ပေါက်ကွဲမှု ဖြစ်ပွားခဲ့ပြီးနောက် ထိုသို့ကြပ်မတ် စစ်ဆေးမှုများ ပြုလုပ်သွားရခြင်းဖြစ်ပြိး အဆိုပါမီးလောင်မှု ဖြစ်စဉ်ကြောင့် လူနှင့်ပစ္စည်း ဆုံးရှုံးမှုများ အများအပြား ရှိခဲ့သည်။ အထက်ပါ ဂိုဒေါင်ရုံများ ရွှေ့ပြောင်းရန် လှော်ကား၊ လှိုင်သာယာ၊ သန်လျင် အစရှိသည့် မြို့နှင့်ဝေးသော နေရာများအား လျာထားပြီး ပတ်ဝန်းကျင်လုံခြုံမှုရှိမည့် နေရာများတွင်သာ ဆောက်လုပ်သွားစေမည်ဟု သိရကြောင်း သိရှိရသည်။
Myanmar Express

0 comments:
Post a Comment
Comment ရေးသူများ သတိပြုရန် ~ Comment ရေးသားရာတွင် (အထူးသဖြင့် မြန်မာလို Comment ရေးသားရာတွင်) စကားလုံးများကို Space ခြားပြီးမှ ရေးပါ။ Space မခြားပဲ ဆက်တိုက်ရေးလျှင် Comment အပြည့်အစုံ ပေါ်လိမ့်မည်မဟုတ်ပါ။