Subscribe to our RSS Feed

လူငယ်တွေအတွက် မရှိမဖြစ်အရာနှစ်မျိုး

လူငယ်တွေရောက်လာ စကားပြောကြတဲ့အခါတိုင်း ကျွန်တော်တို့ ဘာလိုနေလဲ။ ဘာတွေကြိုးစားရမလဲဆိုတဲ့ မေးခွန်းကို မေးလေ့ရှိကြတယ်။ သူတို့ကို ဝေဖန်ပါ၊ ထောက်ပြပါလို့ ပြောတဲ့ သဘောဆောင်တဲ့ အတွက် ၀မ်းသာရပါတယ်။


ချီးကျူးရမယ့် စိတ်

တစ်ဆက်တည်းပဲ လူငယ်တွေအတွက် မရှိမဖြစ်လိုအပ်တဲ့ အရာများကိုလည်း ပြောပြပေးပါလို့ တောင်းဆိုတတ်ကြတယ်။ ဝေဖန်ရေးကို လိုလိုလားလား တောင်းခံတဲ့စိတ်မျိုးရှိတာ လူငယ်တွေကို ချီးကျူးရမယ်။ ရင့်ကျက်တဲ့ အရွယ် လူကြီးတွေတောင် ဝေဖန်ရေးကို လက်ခံတတ်ကြတာ မဟုတ်ဘူး။ ဝေဖန်သူကို ‘ကက်ကက်လန်’ပြန်ပြီး ရန်တွေ့တတ်ကြတယ်။ ကိုယ့်မှာ ဖြည့်ဆည်းဖို့ လိုအပ် နေတာတွေကို သိချင်စိတ် ရှိတာလည်း ကောင်းတာပဲ။ တစ်ပါးသူကို ထောက် ပြပေးပါလို့ တောင်းဆိုတာက ပိုပြီး နှစ်လိုဖွယ် ကောင်းတယ်။ ပလွှားစိတ် မရှိ တာကို ညွှန်ပြတယ်။ ဒီအချက်တွေကြောင့်လည်း လူငယ်တွေနဲ့ ‘ပလဲနံပသင့်’ တာ ဖြစ်တယ်။ လူကြီးတွေ(အထူးသဖြင့်) မြို့သားပညာတတ် လူကြီးတွေက အများအားဖြင့် ဟန်များတယ်။ (ခုခေတ်စကားနဲ့ဆို ပဲများတယ်ပေါ့)။ တကယ် သိတာ မဟုတ်ဘဲနဲ့ သိချင်တတ်ချင်ယောင် သိပ်လုပ်တတ်ကြတယ်။


သရေဆိုတာ ပွဲမပြီးတာ

ဟန်မလုပ်တတ်တာဟာ လူငယ်တွေရဲ့ နှစ်လိုဖွယ် အကောင်းဆုံး အချက်ဖြစ် တယ်။ သိရင်သိတယ်။ မသိရင် မသိဘူး။ ကြိုက်ရင်ကြိုက်တယ်။ မကြိုက်ရင် မကြိုက်ဘူး ပွင့်ပွင့်လင်းလင်း ပြောတယ်။ ကြိုးဝိုင်းထဲမှာ ပရိသတ်ကိုညာပြီး သရေထိုး သွားတဲ့ လုပ်ပွဲမျိုးဆိုရင် သည်းခံမနေဘူး။ ၀ိုင်းပြီး အော်ကြဟစ်ကြ ဆူကြတာပဲ။ လက်ဝှေ့ထိုးတယ်ဆိုတာ အရှုံးအနိုင်သိဖို့ ဖြစ်တယ်။ အရှုံးအနိုင် အဖြေမထွက်ရင် ပွဲပြီးတယ်လို့ မယူဆဘူး။ ပညာတတ်လောကမှာ ရေပန်း စားတဲ့ Win-Win ဆိုတာ တကယ့်ပြိုင် ပွဲတွေမှာ မရှိနိုင်ဘူး။ ပြိုင်ပွဲ ဆိုကတည်း က အရှုံးအနိုင်သိဖို့ လုပ်တာ မဟုတ်ဘူးလား။ သရေဆိုတာက ပွဲမပြီးသေးဘူး။ နောက်ထပ် ပြိုင်စရာ ရှိသေးတယ်ဆိုတဲ့ အဓိပ္ပာယ်ဖြစ်တယ်။ ဘောလုံးပွဲမှာ ပူးတွဲပထမဆိုတာ မရှိဘူး။ ရာသီကုန်မှာ အမှတ်တူ၊ ဂိုးကွာခြားမှုတူ ဖြစ်နေရင် အဲဒီနှစ်သင်း ထပ်ကန်ရတယ်။ သရေဖြစ်နေရင် အချိန်ပို ကစားရတယ်။ အချိန်ပို ထိ သရေဖြစ်နေသေးတယ်ဆိုရင် အရှုံးအနိုင် မပေါ်မချင်း ပယ်နယ်တီကန်ပြီး ဆုံးဖြတ်ရတယ်။


ပိုပြီးရင်းရင်းနှီးနှီး

ဟန်မဆောင်တတ်တာ၊ ပွင့်လင်းတာကြောင့် လူငယ်တွေနဲ့ပိုပြီး ရင်းရင်းနှီးနှီး နေဖြစ်တယ်။ သူတို့စိတ်ထဲ ရှိတဲ့အတိုင်း ပြောတာကို ကိုယ်က နားထောင်ပေး သလို၊ ကိုယ်ပြောတာတွေကိုလည်း သူတို့က စေတနာမှန်နဲ့ ပြောတာပဲဆိုပြီး လက်ခံတယ်။ လူကြီးနဲ့လူငယ် သဟဇာတဖြစ်ဖို့ အရေးကြီးဆုံးက စေတနာ မှန်ဖို့ပဲ။ လူငယ်တွေက သူတို့လိုအပ်တာတွေ ထောက်ပြပါဆိုရင် ကိုယ်မြင် တွေ့ တဲ့အတိုင်း ပြောလိုက်တယ်။ ကိုယ်ရေးတဲ့ စာတွေထဲက သူတို့ မကြိုက်တာတွေ ကို ပြောရင်လည်း လက်ခံသင့်တာကို လက်ခံပြီး ရှင်းပြဖို့ လိုအပ်တာကို ရှင်းပြ လိုက်တယ်။ ဟန်လုပ်ပြီး တစ်ယောက်ကိုတစ်ယောက် ‘ဗုံနဲ့မြှောက်’ နေတာမျိုး တွေမရှိဘူး။ လူကြီးရော လူငယ်ပါ စိတ်လွတ်လပ်ပေါ့ပါးတယ်။ စကားပြောရ တာ နှစ်ဦးစလုံးအတွက် အကျိုးရှိတယ်။


မရှိမဖြစ်နှစ်မျိုး

အဲဒီလိုလူငယ်တွေက သူတို့ လူငယ်များအတွက် မရှိမဖြစ် လိုအပ်တဲ့အရာ ဘာလဲလို့ မေးကြတာကိုလည်း ကိုယ့်ခံယူချက်အတိုင်း ဖြေလိုက်ပါတယ်။ မျှော် လင့်ချက်နဲ့ စံပြုပုဂ္ဂိုလ် (Role Model) ဆိုတဲ့ အရာနှစ်မျိုးဟာ လူငယ်တိုင်း အတွက် အလိုအပ်ဆုံးအရာ ဖြစ်တယ်။ ဒီနှစ်ခု ခိုင်ခိုင်မာမာ ပြတ်ပြတ် သားသား ရှိမှ လူ့လောကမှာ လူတစ်လုံး သူတစ်လုံး (Somebody) ဖြစ်နိုင်ပါတယ်။ ဒီနှစ် ခု မရှိရင် ပဲ့မပါတဲ့လှေလို ဟိုဘက် မျောလိုက်၊ဒီဘက်မျောလိုက်နဲ့ ဘယ်သောင် ဘယ်ကမ်းမှ ဆိုက်မှာ မဟုတ်ဘူး။ ဟိုလိုလိုဒီလိုလိုနဲ့ လူရာမ၀င်တဲ့ (Nobody) ယောင်ခြောက်ဆယ် အဖြစ်နဲ့ နိဂုံးချုပ်ရမှာ သေချာတယ်။


ရှင်လျက်သေနေသူ

လူ့ဘ၀ဆိုတာ မျှော်လင့်ချက်ကြောင့် အဓိပ္ပာယ် ရှိနေတာ ဖြစ်တယ်။ မျှော်လင့် ချက် ကင်းမဲ့တဲ့ဘ၀ဟာ အသက်ရှင်လျက် သေနေတဲ့ဘ၀ ဖြစ်တယ်။ ဘာမှ အနှစ်သာရမှ မရှိဘူး။ အချည်းနှီးပဲ။ ဘယ်လောက်ပဲ ဆင်းရဲဆင်းရဲ တစ်နေ့မှာ ဆင်းရဲတဲ့ဘ၀ က လွတ်မြောက်ရမယ်ဆိုတဲ့ မျှော်လင့်ချက်ရှိရင် ဆင်းရဲပေမယ့် ပျော်ရွှင်နိုင်တယ်။ ဆင်းရဲလို့ စိတ်မချမ်းသာတာ မပျော်နိုင်တာ မဟုတ်ဘူး။ မျှော်လင့်ချက် မရှိလို့ စိတ်မချမ်းသာတာ၊ မပျော်နိုင်တာ။ မျှော်လင့်ချက်နဲ့ စိတ် ကူးယဉ်မှုဆိုတာ ဆိတ်သုဉ်းသွားရင် အဲဒီလူဟာ ရှင်လျက်သေနေတဲ့သူပဲ။ ဘာမှ သုံးစားလို့ မရတော့ဘူး။ လူမှန်ရင် မျှော်လင့်ချက် ရှိရမယ်။ စိတ်ကူး ယဉ် တတ်ရမယ်။


အိပ်မက် မက်တတ်ရမယ်

အထူးသဖြင့် လူငယ်မှန်ရင် စိတ်ကူးယဉ် အိပ်မက်တွေ အမြဲမက်နေရမယ်။ အိပ်မက် မမက်တတ်ရင် လူငယ် မဟုတ်ဘူး။ ”ဖြစ်တော့ဖြစ်ချင်တာပေါ့ ဒါပေမဲ့ …” ဆိုတာ အရှုံးသမားရဲ့ လက်သုံးစကား ဖြစ်တယ်။ လူငယ်မှာ ဒါပေမဲ့ (but) ဆိုတာ လုံးဝမရှိရဘူး။ ဖြစ်ကိုဖြစ်ရမယ်ဆိုတဲ့ စိတ်တစ်ခုတည်းသာ ရှိရမယ်။ လောကမှာ မဖြစ်နိုင်တဲ့အရာ ဘာမှမရှိဘူး။ မလုပ်ရသေးလို့ မဖြစ်သေးတာသာ ဖြစ်တယ်။ လုပ်ရင်ဖြစ်တယ်။ သွားရင်ရောက်တယ်။ ယူရင်ရတယ်။ မဉ္ဇူသက နတ်ပန်းကိုမှ ဆွတ်ချင်သလား။ မရမချင်း ဆွတ်မယ်ဆိုတဲ့ ဇွဲသတ္တိရှိရင် မရဘဲ မနေဘူး။ ရမှာသေချာတယ်။ ဇွဲနဲ့သတ္တိ မရှိဘဲ ရတာကိုပဲ ယူလိုက်ပါတော့မယ် ဆိုရင်တော့ မဉ္ဇူသကနတ်ပန်းကို မရဘဲ ခေါင်ရမ်းပန်းကိုပဲ ရလိမ့်မယ်။ ခေါင် ရမ်းပန်းကို ခေါင်းမှာပန်တဲ့ လူဆိုရင် ရွာသူရွာသားတွေက ရွာထဲလုံးဝ အ၀င်ခံ မှာ မဟုတ်ဘူး။ ရွာနာတယ်ဆိုပြီး မောင်းထုတ်ကြမှာ သေချာတယ်။


အားကျအတုယူစရာ

လူငယ်တိုင်းအတွက် မရှိမဖြစ် လိုအပ်တဲ့ နောက်တစ်မျိုးက စံပြုပုဂ္ဂိုလ် (Role Model)ဖြစ်တယ်။ ကလေး ဘ၀ကတည်းက အားကျအတုယူစရာ စံပြုပုဂ္ဂိုလ် တစ်ဦးဦး ရှိနေသင့်တယ်။ စံပြုပုဂ္ဂိုလ်ကို အားကျအတုယူပြီး ကြိုးစားအား ထုတ် မှုဟာ လူတိုင်းအတွက် အရေးပါတယ်။ ရှေးခေတ်က ကိုအောင်ဆန်းတို့၊ ကို ဗဟိန်းတို့ တစ်တွေဟာ အိုင်ယာလန်သူပုန်ကြီး မိုက်ကယ်ကောလင်းကို အားကျအတုယူပြီး အင်္ဂလိပ်နယ်ချဲ့တွေကို မောင်းထုတ်ဖို့ ကြိုးစားခဲ့ကြတယ်။ ဂျူးလိယက်ဖူးချစ်တို့ ဟိုဆေးရီဇော် တို့ကို ချီးကျူးခဲ့ ကြတယ်။ နောက်ခေတ် လူငယ်တွေ ကျတော့ မော်စီတုန်းနဲ့ ဟိုချီမင်း၊ ကက်စထရိုနဲ့ ချီဂွေဗာရား၊ ငုယင်ဗန်ထရွိုင်းစတဲ့ တော်လှန်ရေးသမားကြီးတွေကို စံပြုပုဂ္ဂိုလ်အဖြစ် အားကျ အတုယူခဲ့ကြတယ်။


ဧ၀ရက်ကို အောင်နိုင်တဲ့ မျက်မမြင်

ကျွန်တော်တို့ ကလေးဘ၀ကဆိုရင် အင်္ဂလိပ် ဖတ်စာအုပ်ထဲမှာပါတဲ့ ရော်ဘင် ဟုဒ်လို၊ အိုင်ဗင်ဟိုလို မတရားမင်းတွေကို ဆန့်ကျင်ခြားနားပြီး ဆင်းရဲသား တွေကို ကူညီတဲ့ လူစွမ်းကောင်းတွေကို သိပ်အားကျခဲ့ရတယ်။ ကစားရင်တောင် ရော်ဘင်ဟုဒ် လုပ်တမ်းမှ ကစားချင်တယ်။ ထောင်အကြိမ်ကြိမ် ကျခဲ့ရတဲ့ သ တင်း သမားတစ်ယောက် ဖြစ်ခဲ့ရတာ ငယ်စဉ်က ရော်ဘင်ဟုဒ်တို့၊ အိုင်ဗင်ဟို တို့ကို အားကျအတုယူခဲ့လို့ ထင်ပါရဲ့။ အခုခေတ် ကလေးတွေနဲ့ လူငယ်တွေမှာ အဲဒီလိုစံပြုပုဂ္ဂိုလ်မျိုး တော်တော်ရှားပါးတာ တွေ့ရတယ်။ ကျောင်းသင် ဖတ်စာ တွေထဲမှာ မတွေ့ရသလို အပြင် ဖတ်စရာတွေထဲမှာလည်း မတွေ့နိုင်ဘူး။ ဒီခေတ်မှာ ရော်ဘင်ဟုဒ်လို လူစွမ်းကောင်းတွေ မတွေ့နိုင်တော့ပေမယ့် မျက်စိ နှစ်ဖက်စလုံး မမြင်ရတဲ့သူနဲ့ ခြေနှစ်ဖက်စလုံး ပြတ်နေသူတွေက ဧ၀ရက် တောင်ထိပ်ကို ရောက်အောင်တက်နိုင်ခဲ့ကြတဲ့ အဖြစ်တွေ၊ ၁၃ နှစ်သမီးလေး တစ်ယောက်တည်း ရွက်လှေတစ်စင်းနဲ့ ကမ္ဘာတစ်ပတ် ပတ်ခဲ့တဲ့ သတင်းတွေ နေ့စဉ်တွေ့မြင် ဖတ်ရှုနေရတယ် မဟုတ်လား။ ဒါတွေဟာ ကလေးတွေနဲ့ လူငယ်တွေ အတွက် စံပြုပုဂ္ဂိုလ်တွေ ဖြစ်နိုင်တာပေါ့။


သူတော်ကောင်းမကြီး

ဒီလို သတင်းအဖြစ်အပျက်တွေကို ကျောင်းဖတ်စာတွေထဲ ရောက်အောင် ပို့သင့် ကြ ပါတယ်။ လူစွမ်းကောင်းတွေ အကြောင်းမှ မဟုတ်ပါဘူး။ အိန္ဒိယနိုင်ငံက ကူသူကယ်သူမဲ့ ဖြစ်နေကြတဲ့ ဆင်းရဲသားတွေနဲ့ ရောဂါသည် ဒုက္ခိတတွေကို ကယ်တင်ရေး အတွက် သူ့ဘ၀တစ်ခုလုံး မြှုပ်နှံပြီး ကြိုးစားပမ်းစား ဆောင် ရွက်ခဲ့တဲ့ လူဖြူခရစ်ယာန် သီလရှင် သူတော်ကောင်းမကြီး မာသာထရီဇာ ရဲ့ အကြောင်းနဲ့ သူ့လုပ်ရပ်တွေ အကြောင်းလည်း ကမ္ဘာတစ်ခုလုံးက စာသင်ခန်း တွေထဲမှာ ကလေးတွေ ဖတ်ရှုသင်ကြားနေနိုင်အောင် ဆောင်ရွက် သင့်ကြပါ တယ်။ ရက်စက်ကြမ်းကြုတ်မှုတွေ တစ်နေ့တခြား တိုးပွားများပြားလာပြီး၊ လူသားတွေ ရိုင်းသထက်ရိုင်းလာနေတဲ့ အတွက် ကမ္ဘာကြီးတစ်ခုလုံး ပစ္စန္တရစ် အရပ်သဖွယ် ဖြစ်နေတဲ့ ခေတ်ကာလကြီးမှာ မာသာထရီဇာဆိုတဲ့ မေတ္တာရှင် သူတော်စင်ကြီးဟာ အကောင်းဆုံးသော စံပြုပုဂ္ဂိုလ် မဟုတ်ပါလား ခင်ဗျာ။


လူထုစိန်ဝင်း

အိုက်ဒီယော်လော်ဂျီခေတ် မကုန်ပါဘူး

“ကွန်မြူနစ်နဲ့ ဆိုရှယ်လစ်ကွဲလို့၊ ဖဆပလကွဲလို့ ပြည်တွင်းစစ်ဖြစ်တာ မဟုတ်ပါဘူး။ နိုင်ငံရေးရင့်ကျက်မှုအားနည်းပြီး ငါစွဲတွေ လွန်ကဲလို့ဖြစ်ရတာလို့ ထင်ပါတယ်။ နိုင်ငံရေးရင့်ကျက်ဖို့အတွက် အိုက်ဒီယော်လော်ဂျီတွေကို ကောင်းကောင်း ကျေညက်ဖို့ လိုတယ် …”


ဒီလေးငါးလအတွင်း ဂျာနယ်တွေဖတ်ရတာ အရင်ကလို ငါးရှဉ့်နဲ့ ဂဏန်းအကြောင်းလောက် မဟုတ်တော့လို့ ပျင်းစရာမကောင်းတော့ဘူး။ လူတွေအကြောင်း နိုင်ငံရေးအကြောင်းတွေ သူ့ထက်ငါ အပြိုင်အဆိုင် ရေးလာကြလို့ လှုပ်ရှားသက်ဝင်ဖြစ်ပြီး ဖတ်ကောင်းလာတယ်။ ရှေးဖြစ်ဟောင်း အောက်မေ့ဖွယ်ဆိုသလို ငယ်ဘဝကို ပြန်တမ်းတ လွမ်းဆွတ်မိတယ်။


မကောင်းလည်း ဖတ်ရတယ်

ဖတ်ကောင်းတာ ကိစ္စမရှိဘူး။ ပိုက်ဆံတော့ တော်တော်ကုန်တယ်။ ဘိန်းစွဲသလိုစွဲပြီး မဖတ်ရမနေနိုင်တော့ အသစ်မပါ သလောက်ဖြစ်ပြီး အဟောင်းတွေချည်း ပြန်ထည့်ထားတဲ့ ဂျာနယ်မျိုးလည်း ဝယ်ဖတ်ရတာကိုး။ သတင်းသမားဆိုတာ ကြိုက်လည်းဖတ်၊ မကြိုက်လည်း ဖတ်ရပါတယ်။ မကောင်းမှန်းသိပေမယ့်လည်း ဒီတပတ် ဘယ်လိုမကောင်းတာလည်း ဆိုတာ သိထားသင့်ပါတယ်။


ရန်/ငါ ပြတ်လို့သာ

ကလိမ်ကကျစ်လုပ်တဲ့ နိုင်ငံရေးသမားနဲ့ ပုတ်သင်ညို နိုင်ငံရေးသမား မရှိမဟုတ်ပါဘူး။ ရှေးက ရှိသလို အခုလည်း ရှိနေတာပါပဲ။ ဒါပေမယ့် နယ်ချဲ့တွေနဲ့ ဖက်ဆစ်တွေကို မစေ့စပ်တမ်း ရန်/ငါမျဉ်းပြတ်ပြတ်နဲ့ တိုက်ခိုက်ခဲ့ကြသူတွေလည်း သိန်းနဲ့သန်းနဲ့ချီ ရှိခဲ့ပါတယ်။ ရဲဘော်သုံးကျိပ်ဝင်အားလုံးဟာ နိုင်ငံရေးသမားတွေပါ။ ဖဆပလ ဆိုတဲ့အဖွဲ့ကြီး နှစ်ခြမ်းကွဲ သွားခဲ့တာ အမှန်ပါပဲ။ ဒါပေမယ့် ဖဆပလ ဆိုတဲ့ ပြည်သူတရပ်လုံး ပူးပေါင်းပါဝင်တဲ့ နယ်ချဲ့နဲ့ ဖက်ဆစ်တော်လှန်ရေး တပ်ပေါင်းစုကြီးကြောင့် နယ်ချဲ့သမားတွေနဲ့ ဖက်ဆစ်တွေကို အောင်နိုင်ခဲ့ကြတယ်ဆိုတာ မေ့ဖျောက်မပစ်သင့်ပါဘူး။


ပူးပေါင်းလုပ်နည်း ၂ နည်း

နိုင်ငံရေးပါတီတခုထူထောင်တယ်ဆိုတာ လာရာအရပ်မတူကြတဲ့ အလွှာပေါင်းစုံကလူတွေ ပူးပေါင်းဖွဲ့စည်းထားရတာ ဖြစ်တယ်။ လူတွေဟာ မူလဗီဇနောက်ခံဘဝတွေ မတူကြတာနဲ့အမျှ အတွေးအခေါ် အယူအဆတွေ မတူနိုင်ကြပါဘူး။ အဲဒီလိုမတူတဲ့သူတွေအချင်းချင်း အတူတကွပူးပေါင်းလုပ်ဆောင်နိုင်ဖို့အတွက် နည်းလမ်း ၂ မျိုးသုံးကြပါတယ်။ ပထမ နည်းက တူညီတဲ့ ဘုံရပ်တည်ချက်တခုရှာပြီး ဘုံသဘောတူညီချက်တခုနဲ့ ပူးပေါင်းလုပ်ဆောင်ခြင်းဖြစ်တယ်။ အဲဒီအချိန်မှာ တဦးချင်းအယူအဆတွေကို ရှေ့တန်းမတင်ဘဲ ဘုံသဘောတူတာကို လုပ်ကြဖို့ဖြစ်တယ်။ နောက်တနည်းကတော့ အယူအဆတခု အိုက်ဒီယော်လော်ဂျီ တခုကို သက်ဝင်ယုံကြည်ကြသူတွေအချင်းချင်း ပေါင်းစည်းလုပ်ကိုင်ခြင်းဖြစ်တယ်။ ကွန်မြူနစ်ပါတီ၊ ဆိုရှယ်လစ်ပါတီ၊ ဒီမိုကရေစီပါတီ စတာမျိုးတွေဖြစ်တယ်။


ပါတီမှန်ရင် ဝါဒရှိရမယ်

နိုင်ငံရေးပါတီဆိုတာ အိုက်ဒီယော်လော်ဂျီ တခုတော့ ရှိကိုရှိရပါတယ်။ အရင်းရှင်စနစ် အိုင်ဒီယော်လော်ဂျီဖြစ်ဖြစ်၊ ဆိုရှယ်ဒီမိုကရက်ဖြစ်ဖြစ်၊ ဆိုရှယ်လစ် ကွန်မြူနစ်ဖြစ်ဖြစ်၊ အစိုးရအရင်းရှင်စနစ်ဖြစ်ဖြစ်၊ အစ္စလာမ်မစ်ဖြစ်ဖြစ်၊ ခရစ်ယာန် ဒီမိုကရက်ဖြစ်ဖြစ် အယူဝါဒတခုအပေါ်မှာ တည်ဆောက်ရပါတယ်။ အိုက်ဒီယော်လော်ဂျီပေါ်မှာ မတည်ဆောက်ဘဲနဲ့ နောက်ခံဘဝအမျိုးမျိုးက ယုံကြည်မှုအသီးသီးနဲ့လာတဲ့လူတွေဟာ ဘယ်လိုလုပ်ပြီး အတူတကွပူးပေါင်းလုပ်ကိုင်နိုင်ကြမှာ လဲ။ အိုက်ဒီယော်လော်ဂျီမရှိရင် မျက်မမြင် လှမ်းလျှောက်သလိုဖြစ်မှာပါ။ ဟိုတိုး ဒီတိုးနဲ့ လိုရာခရီး မရောက်နိုင်ပါဘူး။ နိုင်ငံရေးလုပ်မယ်ဆိုရင် အိုက်ဒီယော်လော်ဂျီ ရှိကိုရှိရပါတယ်။


တစ္ဆေအခြောက်ခံရသူတွေ

အိုက်ဒီယော်လော်ဂျီခေတ်ကုန်ဆုံးပြီလို့ ဟောနေကြသူတွေက ကွန်မြူနစ်တစ္ဆေအခြောက်ခံရတဲ့ ကွန်မြူနစ်ဟောင်းတချို့နဲ့ လစ်ဘရယ်ဒီမိုကရက်တချို့ဖြစ်ကြတယ်။ အိုင်ဒီယော်လော်ဂျီပဲခေါ်ခေါ်၊ ဝါဒပဲခေါ်ခေါ်၊ သဘောတရားပဲခေါ်ခေါ် ဘယ်လိုပဲ ခေါ်ခေါ် အိုက်ဒီယော်လော်ဂျီဆိုတာ ကွန်မြူနစ်၊ ဆိုရှယ်လစ်သဘောတရားတွေကိုသာ ပြောတာမဟုတ်ပါဘူး။ အဒမ်စမစ် တို့၊ ဂျွန်မေးနဒ်ကိန်းတို့ရဲ့ စီးပွားရေးအယူအဆတွေဟာလည်း အိုက်ဒီယော်လော်ဂျီပါပဲ။ သမ္မတ ရေဂန်တို့၊ ဗြိတိသျှဝန်ကြီး ချုပ် မာဂရက်သက်ချာတို့ရဲ့ စီးပွားရေး၊ နိုင်ငံရေး အယူအဆတွေလည်း အိုင်ဒီယော်လော်ဂျီတွေပါပဲ။ ဒါကြောင့် ရေဂန့် အိုက်ဒီယာတွေကို ရေဂန်နောမစ် (Reaganomic) လို့တောင် ခေါ်ခဲ့ကြပါတယ်။ မာဂရက်သက်ချာရဲ့ အိုက်ဒီယာတွေကို လည်း သက်ချာဝါဒ (Thatcherism) လို့ ခေါ်ခဲ့ကြပါတယ်။


အိုက်ဒီယာ ချွတ်ခြုံကျသူသာ ရှိတယ်

ဘယ်ခေတ် ဘယ်စနစ်မှာဖြစ်ဖြစ် နိုင်ငံရေးနဲ့ နိုင်ငံရေးပါတီဆိုတာရှိနေသရွေ့ အိုက်ဒီယော်လော်ဂျီ ရှိနေမှာသာဖြစ်တယ်။ ခေတ်တွေပြောင်းရင် အိုက်ဒီယာတွေလည်း လိုက်ပြောင်းမှာပဲ။ ဒါ သဘာဝဖြစ်တယ်။ အိုက်ဒီယော်လော်ဂျီက တခုမဟုတ် တခုရှိနေမှာဖြစ်တယ်။ အိုက်ဒီယော်လော်ဂျီ မရှိတဲ့လူသာရှိတယ်။ အိုက်ဒီယော်လော်ဂျီ မရှိတဲ့ခေတ်ဆိုတာ လုံးဝ မရှိနိုင် ဘူး။ အိုက်ဒီယော်လော်ဂျီက ချွတ်ခြုံကျပြီး ပျောက်ကွယ်သွားတယ်ဆိုတာ လုံးဝမရှိဘူး။ ခေတ်တွေ ပြောင်းလဲတိုးတက် တာနဲ့အမျှ လူသားတွေရဲ့ အတွေးအခေါ် အယူအဆတွေလည်း ပြောင်းလဲတိုးတက်ပြီး အိုက်ဒီယော်လော်ဂျီ အသစ် အသစ်တွေ ပေါ်ထွက်လာမှာပဲဖြစ်တယ်။ ဒါဟာ သိပ္ပံနည်းကျ အယူအဆဖြစ်သလို သဘာဝတ္ထဗေဒအရလည်း သဘာဝကျတဲ့ အယူအဆဖြစ်တယ်။ ဘယ်ခေတ် ဘယ်စနစ်မှာဖြစ်ဖြစ်၊ ဘယ်နိုင်ငံ ဘယ်လူမျိုးမှာဖြစ်ဖြစ်၊ နိုင်ငံရေးကို အိုက်ဒီယော်လော်ဂျီကသာ ဆက်ပြီးဦးဆောင်နေမှာ ဖြစ်ပါတယ်။


မကွဲမှ ထူးဆန်းတာ

နိုင်ငံရေးဆိုတာ အိုက်ဒီယာတွေကိုအခြေခံပြီး လုပ်ကြတာဖြစ်တော့ တယောက်နဲ့တယောက် အိုက်ဒီယာမတူလို့ သဘောကွဲကြတယ်ဆိုတာ အဆန်းမဟုတ်ဘူး။ မကွဲဘဲနဲ့ အားလုံး တသွေးတသံတည်းဖြစ်နေတာကမှ ထူးဆန်းတာ။ အလွှာပေါင်းစုံကရောက်လာတဲ့လူတွေနဲ့ ပူးပေါင်းဖွဲ့စည်းထားတာ၊ ဘယ်လိုနည်းနဲ့မှ အတွေးအခေါ်တွေ တထပ်တည်းကျ တာ မဖြစ်နိုင်ဘူး။ အတွေးချင်း၊ အမြင်ချင်း၊ သဘောပေါက်ပုံချင်း၊ အဓိပ္ပာယ်ကောက်ပုံချင်း အနည်းနဲ့အများတော့ ကွဲပြားခြားနားမှု ရှိကြမှာချည်းပဲ။ ဒါပေမယ့် သဘောထားချင်းမတူတာနဲ့ ရန်သူဖြစ်သွားကြတာမှ မဟုတ်တာ။ အခြေခံ သဘောတရားတွေ တူညီကြတယ်၊ ရည်မှန်းချက်ပန်းတိုင်းချင်းတူကြတယ်ဆိုရင် အတူတွဲပြီး ဆက်လုပ်လို့ရပါတယ်။ အတ္တအကျိုးစီးပွားကို အလွန်အမင်း ရှေ့တန်းမတင်ကြရင် သဘောမတူကြလည်း ဘယ်တော့မှ ရန်မဖြစ်ပါဘူး။ အတ္တလွန်ကဲလို့ ရန်ဖြစ်ကြတာပါ။


ဂိုဏ်းတွေစုထားတဲ့ ပါတီ

ဂျပန်နိုင်ငံမှာ နှစ်ပေါင်း ၅၀ ကျော် ၆၀ လောက် အာဏာရယူထားနိုင်ခဲ့တဲ့ LDP ပါတီကြီးဆိုရင် ဂိုဏ်းအုပ်စုတွေအများကြီးနဲ့ တည်ဆောက်ထားတာဖြစ်တယ်။ သူ့ဂိုဏ်းငါ့ဂိုဏ်း အသာစီးရဖို့ နေ့တိုင်းယှဉ်ပြိုင်နေကြရတယ်။ ဒါပေမယ့် ရှေးရိုးစွဲ အယူအဆတွေ ကိုင်စွဲတာချင်း၊ စီးပွားရေးလုပ်ငန်းကြီးတွေကို အကာအကွယ်ပေးတဲ့ အယူအဆချင်းတူနေကြတော့ လက်တွဲပူးပေါင်းနေနိုင်၊ လုပ်နိုင်ခဲ့ကြတယ်။ အရေးကြီးတာက ငါနဲ့မတူ ငါ့ရန်သူ ဆိုတဲ့အစွဲကြီး ချွတ်နိုင်ဖို့ဖြစ်တယ်။ အယူအဆမတူတာတွေကို သည်းခံတတ်မှ သဘောထားကွဲတာတွေကို ကြည်ကြည်ဖြူဖြူ လက်ခံနိုင်မှ ရင့်ကျက်တဲ့ နိုင်ငံရေးသမားလို့ ခေါ်နိုင်ပါတယ်။


နိုင်ငံရေး ရင့်ကျက်ဖို့လို

နိုင်ငံရေးမှာ သဘောထားကွဲမူဆိုတာ ရှိမြဲပဲ။ ရှေးကရှိသလို အခုလည်းရှိတာပဲ။ ကမ္ဘာမှာရှိသလို မြန်မာမှာလည်း ရှိတာပဲ။ အဆန်းမဟုတ်ပါဘူး။ ဝံသာနုခေတ်က ကွဲခဲ့သလို ဂျီစီဘီအေလည်း ကွဲခဲ့တာပဲ။ ဒို့ဗမာအစည်းအရုံးလည်း ကွဲတာပဲ။ ရဲဘော်သုံးကျိပ်လည်း ကွဲတာပဲ။ ကွန်မြူနစ်တွေကွဲသလို ဆိုရှယ်လစ်တွေလည်း ကွဲတာပဲ။ ဖဆပလလည်း ကွဲတာပဲ။ ကွန်မြူနစ်နဲ့ ဆိုရှယ်လစ်ကွဲလို့၊ ဖဆပလကွဲလို့ ပြည်တွင်းစစ်ဖြစ်တာ မဟုတ်ပါဘူး။ နိုင်ငံရေးရင့်ကျက်မှုအားနည်းပြီး ငါစွဲတွေ လွန်ကဲလို့ဖြစ်ရတာလို့ ထင်ပါတယ်။ နိုင်ငံရေးရင့်ကျက်ဖို့အတွက် အိုက်ဒီယော်လော်ဂျီတွေကို ကောင်းကောင်း ကျေညက်ဖို့ လိုတယ်။ ကျေညက်ဖို့ ကျမ်းရင်း ကျမ်းခိုင်တွေ ဖတ်ရပါမယ်။ အိုက်ဒီယော်လော်ဂျီခေတ် မကုန်ပါဘူး။ အိုက်ဒီယော်လော်ဂျီဆိုတာ ချွတ်ခြုံကျပြီး ကွယ်ပျောက်သွားရိုးမှ မရှိတာ၊ အိုက်ဒီယော်လော်ဂျီ ချွတ်ခြုံကျတဲ့သူမျိုးသာ ရှိပါတယ်။


လူထုစိန်ဝင်း

သစ္စာ သတင်းဂျာနယ်

အတွဲ ၂၊ အမှတ် ၁၀၊ ၂၀ အောက်တိုဘာ ၂၀၀၉၊ အင်္ဂါနေ့ထုတ် မှ

ဝေဖန်ရေးနှင့် မူကိစ္စ လူကိစ္စဝေဖန်ရေးနှင့် မူကိစ္စ လူကိစ္စ

‘ဝေဖန်ရေး’ နဲ့ပတ်သက်ပြီး လူငယ်တွေ မကြာခဏ လာရောက် ဆွေးနွေးကြတယ်။ တချို့က စာပေ ဝေဖန်ရေး အကြောင်း သက်သက် ပြောဆိုတတ်ပြီး တချို့လူငယ် တွေက ဝါဒရေးရာ ဝေဖန်ရေးများနဲ့ ပတ်သက်ပြီး ဆွေးနွေး တတ်ကြတယ်။


သူများကို ဝေဖန်ရင် ကြိုဆိုတယ်

အဲဒီလို ဆွေးနွေးရင်းနဲ့ မူကို ဝေဖန်တာမဟုတ်ဘဲ ပုဂ္ဂိုလ်ရေးသဘော လူကို ဝေဖန်တဲ့ ကိစ္စဘက်ကို အမြဲလိုလို ရောက်သွားလေ့ ရှိတယ်။ ဝေဖန်ရေးနဲ့ ပတ်သက်ရင် လူတိုင်း ပြောလေ့ပြောထ ရှိတဲ့ စကားတခွန်း ရှိတယ်။ “ဝေဖန်ရေး ဆိုတာ မရှိမဖြစ် လိုအပ်တဲ့ အရာဖြစ်တယ်၊ အားပေးရမယ်၊ ကြိုဆိုရမယ်” ဆိုတာပဲ။ ဒါပေမယ့် သူများကို ဝေဖန်တာကို ကြိုဆိုပေမယ့် ကိုယ့်ကို ဝေဖန်ရင်တော့ ကြိုဆိုနိုင်သူ တော်တော် ရှားပါတယ်။

“ဒါ ဝေဖန်တာမဟုတ်ဘူး။ ပုဂ္ဂိုလ်ရေးတိုက်ခိုက်တာပဲ” လို့ စိတ်ဆိုးမာန်ဆိုး တုံ့ပြန် ကြတာသာ များတာကို တွေ့ရတယ်။ တချို့က ဆတ်ဆတ်ထိ မခံ ပြန်ပြီး ချေပတယ်။ တချို့က ပြန်မချေပဘဲ နေပေမယ့် ရင်ထဲမှာတော့ အောင့်သက်သက်နဲ့ မကျေမနပ် ဖြစ်နေတတ်တယ်။ တချို့ကျတော့ လူရှေ့သူရှေ့မှာ ဟန်ဆောင် ပြုံးနေပြီး စိတ်ထဲက ကြိတ်ဒေါသ ထွက်နေတယ်။
လိပ်ပြာသန့်သူမှ

ကိုယ်လုပ်တဲ့အလုပ်အပေါ်မှာ စွဲမြဲခိုင်မာစွာ ယုံကြည်မှုရှိပြီး ကိုယ်တိုင် လိပ်ပြာသန့်သူ တချို့တလေသာ ဘယ်လို ဝေဖန်မှုမျိုးကို မဆို ဝမ်းသာခြင်း၊ ဝမ်းနည်းခြင်း၊ ကျေနပ်ခြင်း၊ မကျေနပ်ခြင်း၊ စိတ်ဆိုး ဒေါသထွက်ခြင်း စတဲ့ တဒင်္ဂ စိတ်လှုပ်ရှားမှု မျိုးတွေ လုံးဝ မရှိဘဲ ဥပေက္ခာ ပြုထားနိုင်စွမ်း ရှိကြတယ်။ ဒီလိုလူမျိုးက တော်တော်ရှားတယ်။ ဒါကြောင့် တချို့တလေလို့ ဆိုခဲ့တာဖြစ်တယ်။ စိတ်ဓာတ်နဲ့ အတွေးအခေါ် အများကြီး ရင့်ကျက် နေသူများမှသာ စိတ်လှုပ်ရှားမှု မရှိဘဲ ဥပေက္ခာတရား လက်ကိုင် ထားနိုင်တာ ဖြစ်တယ်။


မူနဲ့လူခွဲဖို့မလွယ်

အများစုကတော့ နည်းနည်းလေးဖြစ်ဖြစ် စိတ်ဆိုး သွားတတ်တယ်။ စိတ်မဆိုးတောင် ‘ကျွဲမြီးတိုတယ်’ ဆိုတာ လောက်တော့ ဖြစ်သွား ကြတယ်။ အဲဒီအခါ “ပုဂ္ဂိုလ်ရေး တိုက်ခိုက်တာပဲ” လို့ ပြောမြဲဖြစ်တယ်။ ပုဂ္ဂိုလ်ရေး တိုက်ခိုက်မှုလို့ ဘာကြောင့် ပြောသလဲ ဆိုတော့ ပညာတတ် လောကမှာ ပုဂ္ဂိုလ်ရေး တိုက်ခိုက်မှုဟာ အောက်တန်းကျတဲ့ လုပ်ရပ်အဖြစ် ရှုမြင်ကြလို့ ဖြစ်တယ်။

ဒါပေမယ့်လို့ ခက်တာက စာပေမှာပဲဖြစ်ဖြစ် နိုင်ငံရေးမှာပဲဖြစ်ဖြစ်၊ မူနဲ့လူကိုခွဲခြား ကြည့်မြင်ဖို့ ဆိုတာ အင်မတန် မလွယ်တဲ့ ကိစ္စဖြစ်တယ်။ သမ္မတ ရေဂန်လက်ထက်က ကာတွန်းဆရာတွေ သူ့ပုံကိုဆွဲရင် ကောင်းဘွိုင် ဦးထုပ်ကြီးနဲ့ မြင်းစီးပြီး လက်ထဲက သေနတ် ဝှေ့ယမ်းနေတဲ့ ပုံကို ဆွဲကြမြဲဖြစ်တယ်။ သူက ကောင်းဘွိုင် မင်းသားကနေ သမ္မတ ဖြစ်လာခဲ့တာကိုး။


မချိသွားဖြဲနေရ

သူ့ကို ကောင်းဘွိုင်သမ္မတလို့ ခေါ်တဲ့အတွက် ရေဂန်က ဘယ်လိုမှ မတုံ့ပြန်ခဲ့ပါဘူး။ သူ့လို လူအများနဲ့ ဆက်စပ် ပတ်သက် နေရသူ Public Figure များကို လူတွေက စိတ်ဝင်စားမှု ကြီးမား လွန်းတာကြောင့် ပုဂ္ဂိုလ်ရေးနဲ့ အများအရေး ဆိုပြီး ခွဲခြားဖို့ ဘယ်လိုမှ မဖြစ်နိုင်ဘူး ဆိုတာကို ကောင်းကောင်း သဘောပေါက် နားလည်ထားလို့ မတုံ့ပြန်တာပါ။ ‘သူလည်းလေ လောကီသားပေမို့’ ဆိုသလို ကျွဲမြီး တိုတာလောက် တော့ ရှိကောင်း ရှိနိုင်တာပေါ့။ ဒါပေမယ့် 'မချိသွားဖြဲ' ဆိုသလို ဟန်လုပ်ပြီး ပြုံးနေရုံကလွဲပြီး ဘာမှ မတတ်နိုင်ပါဘူး။

ဘယ်သူမပြု မိမိမှု

‘ထင်ပေါ်ကျော်ကြားမှု’ ဟာ ချိုမြိန်ပါတယ်။ ဒါပေမယ့် ပေးရတဲ့ တန်ဖိုးကလည်း ကြီးပါတယ်။ လူသား တယောက်ရဲ့ ဘဝမှာ တန်ဖိုး အရှိဆုံးဖြစ်တဲ့ ‘ပုဂ္ဂလိက လွတ်လပ်ခွင့်’ ကို ပေးလိုက်ရခြင်း ဖြစ်တယ်။ ဒါဟာ ‘ဘယ်သူမပြု မိမိမှု’ ဆိုတဲ့စကားလို ကိုယ်တိုင်ရွေးချယ် ဖန်တီးခဲ့တာ ဖြစ်လို့ ပုဂ္ဂလိက လွတ်လပ်ခွင့် ချိုးဖောက် ခံရတယ်ဆိုပြီး ဘယ်သူ့ကိုမှ အပြစ်တင်လို့ မရပါဘူး။ ရေဂန် သမ္မတရယ် လို့ ဖြစ်လာတာဟာ ပြည်သူလူထုက မဲပေးလို့ ဖြစ်လာတာ မဟုတ်လား။

အလားတူပဲ ကောင်းဘွိုင်မင်းသား ရေဂန်လို့ဖြစ်တာလည်း ပြည်သူ လူထုက အားပေးကြလို့ပဲလေ။ ရေဂန် အတွက်တော့ ပြည်သူ လူထုဟာ ကျေးဇူးရှင်ဖြစ်တယ်။ အဲဒီ ပြည်သူတွေက တောင်းဆိုတာကို ရေဂန်မ ငြင်းနိုင်ဘူး။ လိုက်လျော ဖြည့်ဆည်း ရမှာပဲ။ ဒါဟာ ပြည်သူ လူထုကြောင့် တခု၊ တကောင်၊ တယောက် (Somebody) ဖြစ်လာသူ မှန်သမျှ မလွဲမသွေ ထမ်းဆောင်ရမယ့် တာဝန် ဝတ္တရားဖြစ်တယ်။


ပတ္တမြားမှန်ရင် အရောင် မမှိန်

ဝေဖန်ရေးမှာ မူနဲ့လူခွဲဖို့ခက်ပါတယ်။ လူကြောင့် မှုဖြစ်လာရသလို လူကြောင့်ပဲ မှုပျက်သွားရပါတယ်။ အလားတူပဲ မူကြောင့် လူကောင်း ဖြစ်လာနိုင်သလို မူကြောင့်လည်း လူဆိုး ဖြစ်သွားနိုင်ပါတယ်။ ပုဂ္ဂိုလ်ရေးအရ လူကို အတိုက်အခိုက် မခံချင်ရင် အကောင်းဆုံး နည်းလမ်းက ကိုယ့်မှာ ဘာအစွန်း အထင်း အညစ်အကြေးမှ ကပ်ငြိမခံရအောင် စောင့်စည်း နေထိုင်ဖို့ပါပဲ။ ကိုယ့်လိပ်ပြာက သန့်ရှင်း လှပနေရင် ဘယ်ပယောဂမှ ဝင်လို့မရပါဘူး။

နိုင်ငံရေးသမားတို့ စာပေအနုပညာသမားတို့ မီဒီယာသမားတို့ ပုဂ္ဂိုလ်ရေးအရ တိုက်ခိုက် ခံရတယ် ဆိုတာက တိုက်စရာ အကြောင်းတခု ရှိနေလို့သာပါ။ ပတ္တမြားမှန်ရင် နွံထဲဘယ်လောက် ဆွဲနှစ်နှစ် အရောင် မှိန်မသွားပါဘူး။


မီးရှိမှ မီးခိုးထွက်တယ်

အရက် လုံးဝ မသောက်သူကို မူးပြီးရမ်းတယ်လို့ စွပ်စွဲလို့ မရနိုင်သလို မိန်းမကိစ္စ ရှင်းသူကိုလည်း ကြာခိုတယ်လို့ စွပ်စွဲလို့ မရပါဘူး။ မီးရှိမှ မီးခိုးထွက်ပါတယ်။ မီးမရှိဘဲနဲ့ မီးခိုး မထွက်ပါဘူး။ အရေးကြီးတာက ကိုယ်တိုင် လိပ်ပြာသန့်ဖို့ပဲ ဖြစ်တယ်။ ပါးစပ်က လေကြီး မိုးကြီးတွေ ပြောပြီး လူကွယ်ရာကျတော့မှ မဟုတ်တာတွေ လုပ်နေသူများ ကတော့ ဝေဖန်ရေး ဆိုတဲ့ အသံကြားရင် တီကိုဆားနဲ့ တို့သလို တွန့်သွားမှာပါပဲ။ ဒါသဘာဝ ကျပါတယ်။ တီနဲ့ဆားဆိုတာ ဘယ်လိုမှ ဓာတ်မတည့်တဲ့ အရာနှစ်ခု မဟုတ်လား။ ငိုဘသမားနဲ့ ဝေဖန်ရေး ဆိုတာလည်း ပြဒါးတလမ်း သံတလမ်းပဲလေ။


ဝေဖန်ရေးအောက်လမ်းဆရာတွေ

ဝေဖန်ရေး အကြောင်းဆွေးနွေးတဲ့ လူငယ်တိုင်းကို ဝေဖန်ရေး ဆိုတာ ကြောက်စရာ မဟုတ်၊ ရွံစရာ မဟုတ်တဲ့ အကြောင်း အမြဲ ပြောရတယ်။ ဝေဖန်ခံရတဲ့ အခါ စိတ်မဆိုးဖို့လည်း ရှင်းပြရတယ်။ တမင်သက်သက် ပွဲဆူအောင် လုပ်တဲ့ အောက်လမ်းဆရာ ဝေဖန်ရေးသမား မရှိဘူးလို့တော့ မဆိုပါဘူး။

ခေတ်တိုင်း ခေတ်တိုင်းမှာ တယောက်စ နှစ်ယောက်စတော့ ရှိတတ်တာပါပဲ။ ဒါပေမယ့် ကိစ္စမရှိပါဘူး။ မြန်မာ စာဖတ် ပရိသတ်က ရှင်ကြီးဝမ်းလည်း ဝင်ခဲ့ဖူး၊ ရှင်ငယ်ဝမ်းလည်း ဝင်ခဲ့ဖူးသူတွေပါ။ ဘယ်သူတွေဟာ ဘာရည်ရွယ်ချက်နဲ့ လုပ်နေကြတယ် ဆိုတာ ကောင်းကောင်း သိကြပါတယ်။ ဝေဖန်ရေး အောက်လမ်း ဆရာတွေကို ဥပေက္ခာ ရှုထား လိုက်ကြစမ်းပါ။

လူထုစိန်ဝင်း

၈၈၈၈ ၊ ၂၀၀၇ စက်တင်ဘာ မှ ယနေ့ အဓိကရုဏ်း ကြီး/ငယ်၊ ဆန္ဒပြပွဲ ကြီး/ငယ် အတို့အထိ မီးလောင်ရာ လေပင့်ပေးသူများမှာ